
APM၊ မာ့ချ် ၆ / ၂၀၂၄
ညီနောင်မဟာမိတ် (၃) ဖွဲ့ အပြည့်အဝထိန်းချုပ်ပြီး အုပ်ချုပ်ရီးလုပ်ငန်းများ စီမံအကောင်အထည်ဖော်နီသည့် မြို့ (၃) မြို့ ဖြစ်သော မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့နယ်များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရီး ကြေညာခြင်းသည် ဒေသတွင်းပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ပြီး၊ ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စီနိုင်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က မာ့ချ် ၆ ရက်နိမာ သဘောထားထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ “မိမိရို့ မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရီးကိုဖွင့်လှစ်ပြီး အပြည့်အဝထိန်းချုပ် ထားလိုက်ပြီးဖြစ်သည့် မြို့များထဲမှ မြို့ (၃) မြို့ကို စစ်ကောင်စီမှ Martial law စစ်အုပ်ချုပ်ရီးဥပဒေ ကျင့်သုံးမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မာ့ချ်လ (၄) ရက်နိတွင် ကြေညာလိုက်ခြင်းသည် စစ်ကောင်စီနန့် မိမိရို့ (၃) ဖွဲ့အကြား သဘောတူထားသည့် ဟိုင်ဂင် အပစ်အခတ်ရပ်စဲရီးသဘောတူညီချက်အား လက်တွိအကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲများဖြစ်ပေါ်လာနိုင်မည်ကို အထူးစိုးရိမ်မိပါသည်” လို့ဖော်ပြထားပါရေ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စိစပ်ပီးမှုနန့် ညီနောင်မဟာမိတ် (၃) ဖွဲ့နန့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရီးနန့် ငြိမ်းချမ်းရီးဖော်ဆောင်မှု ညှိနှိုင်းရီးကော်မတီ (NSPNC) ရို့စွာ ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁၁ ရက်နိမာ ဟိုင်ဂင်သဘောတူညီချက်ကို နှစ်ဖက်အပစ်အခတ်ရပ်စဲရေ အနီနန့် အသိသက်သေရို့ ရှိမှောက်မာလက်မှတ်ရွီးထိုးပြီးကေ အပစ်အခတ်ရပ်စဲခကတ်ကြောင်း ညီနောင် (၃) ဖွဲ့က ဆိုပါရေ။
“ဟိုင်ဂင်သဘောတူညီချက်အရ မြန်မာနိုင်ငံ၏ သျှမ်းမြောက်ဒေသတွင် ပစ်ခတ်တိုက်ခတ်မှုများရပ်စဲလားရမည်။ ယင်းကတဆင့် တရုတ်-မြန်မာ ကုန်သွယ်ရီးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရီး၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အီးချမ်းရီးနန့် မြောက်ပိုင်းဒေသအတွင်း ပြည်သူလူထုများ စစ်ဖီးဒဏ်မှ ပြန်လည်ထူထောင်နိုင်ရီးရို့အတွက် ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး ခိုင်မာသော အပစ်ရပ်ရီးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် ကတိပြုခကတ်ပါသည်” လို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ဟိုင်ဂင်သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်း၊ သုံးသပ်ဆွေးနွေးခြင်းများပြုလုပ်နိုင်ဖို့အတွက် စာချုပ်မာ လက်မှတ်ရွီးထိုးထားရေ အဖွဲ့အစည်းရို့စွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မာ တရုတ်နိုင်ငံ၏ စီစဉ်ပီးချက်အရ ပုံမှန်တွိဆုံပွဲတိကို တခုပြီးတခုကျင်းပခကတ်စွာရေ အဂုတကြိမ်ဆိုကေ စတုတ္တအကြိမ်မြောက်သို့ပင် ရောက်ဟိလာခပနာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂၉) ရက်က မာ့ချ် (၁) ရက်နိအထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခကတ်လို့ သိရပါရေ။
“နယ်စပ်တည်ငြိမ်ရီး၊ ငြိမ်းချမ်းရီး၊ အပစ်အခတ်ရပ်စဲမှု ခိုင်မာရီးရို့အပြင် ဟိုင်ဂင်သဘောတူညီချက်စာချုပ်တွင်ပါသော အခြားသောအချက်အလက်များကို တဆင့်ပြီးတဆင့် ညှိနှိုင်းအကောင်အထည်ဖော်နီသည့် ကာလအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ရို့ အပြည့်အဝထိန်းချုပ်ပြီး အုပ်ချုပ်ရီးလုပ်ငန်းများ စီမံအကောင်အထည်ဖော်နီသည့် မြို့ (၃) မြို့ဖြစ်သော မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့နယ်များကို စစ်အုပ်ချုပ်ရီး ကြေညာသည့် လုပ်ရပ်သည် ဒေသတွင်း မိဘပြည်သူများအား ခြိမ်းခြောက်သည့်လုပ်ရပ်ဖြစ်ပြီး၊ ဟိုင်ဂင် သဘောတူညီချက်ကို အခက်အခဲဖြစ်စီနိုင်ကြောင်း” ညီနောင်မဟာမိတ် (၃) ဖွဲ့ ၏ သဘောထားထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
