
APM ၊ သြဂတ်စ် ၂၇ / ၂၀၂၃
မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး စစ်ဖီးယှောင်စခန်းဟိ မသန်စွမ်းသူများနန့် သက်ကြီးပိုင်းအရွယ်များတွင် ဆီးကုသရန် ငွေကြေးနန့် စားနပ်ရိက္ခာများအပါအဝင် တခြားအထောက်အပံ့အကူအညီများ အရေးတကြီးလိုအပ်နီကြောင်း သိရသည်။
ကမ်းထောင်းကြီး စစ်ဖီးယှောင်စခန်း၌ မျက်မမြင်များ၊ စိတ်ဝေဒနာသျှင်များ၊ စကားမပြောတတ်သူများနန့် တိုက်ပွဲကာလ အတွင်းက စစ်လက်နက်အကြွင်းအကျန်များပေါက်ကွဲမှုကြောင့် ခြီပြတ်၊ လက်ပြတ်နီသူများ စသဖြင့် မသန်စွမ်းသူ စုစုပေါင်း ၂၉ ယောက်အထိဟိကြောင်းသိရသည်။
ယင်းမသန်စွမ်းသူများထဲမှ အများစုမှာ အိမ်ထောင်ဦးစီးများဖြစ်ကတ်သည့်အပြင် အလုပ်အကိုင်ယှားပါးခြင်း၊ ကုန်စျီး နှုန်းများ အဆမတန်မြင့် တက်နီခြင်းကြောင့် မိသားစုဝင်များမှာ စားဝတ်နီရီးအတွက် အကြီးအကျယ် အခက်ကြုံနီကတ် ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
ယင်းအပြင် အဆိုပါစခန်းဟိ သက်ကြီးပိုင်းအရွယ်များတွင်လည်း ကျန်းမာရီးစောင့်ယှောက်မှုများ လုံးဝမရဟိသည့်အပြင် နီမကောင်း၍ ဆီးခန်းပြရန် ငွေကြေးအခက်အခဲများဟိနီသည်ဟုဆိုသည်။
အဆိုပါ စစ်ဖီးယှောင်စခန်း၌ ပြည်တွင်း၊ ပြည်ပ လူမှုကယ်ဆယ်ရီးအဖွဲ့အစည်းများ၏ အကူအညီများမရသည်မှာ ကြာမြင့် နီယာဖြစ်သည့်အပြင် အဓိကအားဖြင့် ဆန်မရသည်မှာ လက်ဟိ ၇ လနီပါးကြာမြင့်နီယာဖြစ်၍ စစ်ဖီးယှောင်များမှာ ကြုံရာ ကျဘမ်း ဝင်လုပ်ကာ စားဝတ်နီရီးအတွက် ရုန်းကန်နီရကြောင်း သိရသည်။
အဆိုပါ ကမ်းထောင်းကြီး စစ်ဖီးယှောင်စခန်း၌ အိမ်ထောင်စု ၂၁၆ စုနန့် လူဦးရေ စုစုပေါင်း ၇၀၃ ဦး ခိုလှုံလျက်ဟိကြောင်း သိဟိရသည်။
